ဆေးတက္ကသိုလ်-မကွေး၏ MBBS Program
နိဒါန်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီးတွင် ဆေးတက္ကသိုလ်-မကွေးမှ ကျောင်းသား ကျောင်းသူများ ၊ ဝန်ထမ်းများ ၊ ဆရာဆရာမများသည် စစ်အာဏာရှင် လက်အောက်ရှိ ဆေးတက္ကသိုလ်၊ ဆေးရုံ၊ ဌာနများကို စွန့်ခွာကျောခိုင်းသော CDM(Civil Disobedience Movement)တွင် ပါဝင်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်၊ မေလ (၁၉) ရက် နေ့တွင် ဆေးတက္ကသိုလ်-မကွေး၊ ယာယီတက္ကသိုလ်ကောင်စီအား ကျောင်းသား၊ ကျောင်းသားဟောင်း၊ ဆရာ၊ ဝန်ထမ်း စသည့် အလွှာပေါင်းစုံအား ကိုယ်စားပြုပါဝင်သော အဖွဲ့ဝင်များဖြင့် စတင်စုစည်းတည်ထောင်ခဲ့ပါသည်။
ထိုအချိန်မှစ၍ ဝန်ထမ်းများ၊ ဆရာဆရာမများအတွက် ထောက်ပံ့ခြင်းလုပ်ငန်းများ၊ Online Learning Platform တည်ဆောက်၍ ကြားကာလအတွင်း သင်ကြားရေးအဆက်မပြတ်စေရန် ဆေးပညာသာမက တော်လှန်ရေးနှင့်သက်ဆိုင်သည့် ပညာရပ်များ ဆွေးနွေးပို့ချခြင်း၊ နိုင်ငံရပ်ခြားရှိ ပညာရှင်များ၊ ဆေးတက္ကသိုလ်များ၊ အဖွဲ့အစည်းများ၏ အကူအညီဖြင့် သင်ကြားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ထောက်ပံ့မှုများ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းများ ပြုစုတင်ပြခြင်း၊ စီမံကိန်းများရေးဆွဲ အကောင်အထည် ဖော်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဆေးပညာ (MBBS Program) အတွက် အတန်းတင်ပညာရေးကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ရှေ့ပညာသင်နှစ်များဆီမှ အခြေခံပညာအထက်တန်း အောင်မြင်ထားပြီး စစ်အာဏာရှင်လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် စသည့် အဆင့်မြင့် ပညာကျောင်းများသို့ တက်ရောက်ခြင်း မပြုဘဲ CDM (Civil Disobedience Movement) ပြုလုပ်နေကြဆဲ ကျောင်းသားများအတွက် ဆေးပညာ အတွက် ကျောင်းသားသစ်များ လက်ခံသင်ကြားပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ဆေးတက္ကသိုလ်-မကွေး၏ ဆေးပညာဘွဲ့ (MBBS) ရယူရန် ဆန္ဒရှိသူများသည် ဆေးတက္ကသိုလ်-မကွေး၏ MBBS Program အကြောင်းကို ကျေလည်စွာ လေ့လာဖတ်ရှုထားခြင်းဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ တင်သွင်းရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။
ဆေးတက္ကသိုလ်-မကွေး၏ နောက်ခံသမိုင်းကြောင်း
ဆေးတက္ကသိုလ်-မကွေးသည် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ်ငါးခုအနက် တစ်ခုဖြစ်ပြီး မကွေးမြို့တွင် တည်ရှိသည်။ ယခင်က နိုင်ငံတဝှမ်းမှ ကျောင်းသားများ လာရောက်ပညာသင်ယူ ကြသည့်အတွက် “ပြည်ထောင်စုတက္ကသိုလ်”ဟု တင်စားခေါ်ဝေါ် ကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆရာများ၊ ကျောင်းသားများ၏ သဘောတူညီချက်ဖြင့် စစ်ကျွန်ပညာရေးစနစ်အောက်မှ လွတ်ကင်းသော တက္ကသိုလ်အဖြစ်ခံယူခဲ့ကာ ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ဆေးတက္ကသိုလ်-မကွေး၊ ယာယီတက္ကသိုလ်ကောင်စီအားဖွဲ့စည်း၍ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြ ပါသည်။ ဆေးတက္ကသိုလ် - မကွေး၏ ကျောင်းသားများနှင့် ကျောင်းသားဟောင်း များသည် လက်ရှိတော်လှန်ရေးကာလ တွင်လည်း ကဏ္ဍမျိုးစုံမှ တက်ကြွစွာပါဝင်ဆောင်ရွက် လျက်ရှိကြပါသည်။
ဆေးတက္ကသိုလ်-မကွေး ယာယီတက္ကသိုလ် ကောင်စီ
၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဆေးတက္ကသိုလ်-မကွေး ယာယီတက္ကသိုလ် ကောင်စီကို CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူဟောင်းများ၊ ဝန်ထမ်းများ၊ ကျောင်းသားသမဂ္ဂတို့နှင့် ပေါင်းစု၍ ဖွဲ့စည်းခဲ့သည်။ မေလ ၃၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနမှ ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ (UMMGIUC) ကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဆေးတက္ကသိုလ်-မကွေး ယာယီတက္ကသိုလ်ကောင်စီသည်
- ၁။ စစ်အာဏာရှင်လက်ပါးစေတို့၏ လွှမ်းမိုးချုပ်ကိုင်မှုအဝဝမှ ကင်းလွတ်ရေးနှင့်
- ၂။ မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူများအတွက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးကို ပေးစွမ်းနိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည် စေနိုင်ရေး
ယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်းသည့်အချိန်မှစ၍ (၃)နှစ်ကျော်ကာလအတွင်း -
- ၁။ ကျောင်းသား/သူများအတွက် ကြားကာလပညာရေးအစီအစဉ်များ
- ၂။ ဆရာ/မများအတွက် ပညာရပ်ဆိုင်ရာ အရည်အချင်းမြှင့်တင်မှုများ
- ၃။ သင်ယူ/သင်ကြားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများ
- ၄။ နိုင်ငံတကာပညာရေးအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
- ၅။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးနှင့်အညီ ပြုပြင်ပြောင်းလဲမှုများ
- ၆။ အင်စတီကျူးရှင်းအဖြစ်ပြန်လည်တည်ဆောက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
ဆေးတက္ကသိုလ် မကွေး၏ ပညာရေးမူဝါဒ အခြေခံမူများ
၁။ တော်လှန်ရေးကာလအတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှုနှင့် တော်လှန်ရေး လှုပ်ရှားမှုများတွင် ကျန်းမာရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်များအတွက် လိုအပ်သော လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးသည် ကြားကာလ ပညာရေးအစီအစဥ်များ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။
၂။ ကြားကာလပညာရေးအစီအစဥ်များသည် ကိုဗစ်ကပ်ရောဂါဘေးနှင့် စစ်အာဏာ သိမ်းမှုအလွန် ပညာသင်ယူခွင့်ဆုံးရှုံးနေသော ဆေးတက္ကသိုလ်-မကွေး ကျောင်းသား၊ကျောင်းသူ များ၏ ပညာဆက်လက် သင်ယူနိုင်ရေး နှင့် အဆက်မပြတ်ရေးအတွက် အဓိကရည်ရွယ်သည်။
၃။ ကြားကာလ ပညာရေးအစီအစဥ်များသည် အခြေခံပညာရေး ပြီးမြောက်အောင်မြင် လာသော ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူ ရရှိနိုင်ရန်အတွက်လည်း ရည်ရွယ်သည်။
၄။ ကြားကာလ ပညာရေးအစီအစဥ်များတွင် ပညာရေးလွတ်လပ်ခွင့်ကို အလေးပေး ဖော်ထုတ်ဆောင်ရွက် သွားမည်ဖြစ်ပြီး တော်လှန်ရေး၏ ယန္တရားအသီးသီးတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ၎င်းတို့၏ လုပ်ငန်းတာဝန် များအား အနှောင့်အယှက်မဖြစ်စေဘဲ သင်ယူမှုရပ်ဝန်းအား အဆင်ပြေချောမွေ့စေရန် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်သည်။
၅။ ကြားကာလပညာရေး အစီအစဥ်များသည် စစ်အာဏာရှင်အဆက်ဆက် တည်ဆောက်ခဲ့သော ဗျူရိုကရက်ယန္တရားနှင့် ကင်းလွတ်ပြီး ပညာရပ်စံနှုန်းများနှင့် ကျင့်ဝတ် အဖုံဖုံကို လေးစားလိုက်နာသော အနာဂတ်ဆေးပညာ သင်ယူလေ့လာရေးပုံစံသစ်၏ စံတန်ဖိုး များကိုလည်း ဖော်ထုတ်သွားမည်ဖြစ်သည်။
၆။ တော်လှန်ရေးကာလအတွင်း ထုတ်ပြန်သော ဖက်ဒရယ်ပညာရေးမူဝါဒများ၊ ၎င်းမူဝါဒများနှင့်အညီ ဖော်ဆောင်သော ပညာရေးညီလာခံများ၊ လုပ်ငန်းကော်မတီများမှ သတ်မှတ်ပြဋ္ဌာန်းသော နည်းဥပဒေများ ကိုလည်း မိမိတို့၏မူဝါဒ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။
၇။ တော်လှန်ရေး၏ ဖြစ်ပေါ်ပြောင်းလဲတိုးတက်သော အခြေအနေများ၊ တော်လှန်ရေး ကာလ အကူးအပြောင်းများ၊ မိမိတို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် တိုးတက်ပြောင်းလဲလာသော အနာဂတ်ပညာရေး၏ စိန်ခေါ်မှုများနှင့်အညီ မူဝါဒများကိုသင့်လျော်စွာ ပြောင်းလဲပြဋ္ဌာန်းမည်။
ကြားကာလပညာရေး အစီအစဉ်များအတွက် အခြေခံမူဘောင်များ
၁။ ဆေးတက္ကသိုလ် - မကွေး၊ ယာယီတက္ကသိုလ်ကောင်စီ၏ ပညာရေးကော်မတီသည် ကြားကာလပညာရေး အစီအစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဓိက တာဝန်ရှိသည်။
၂။ ပညာရေးကော်မတီသည် ကြားကာလပညာရေးအစီအစဥ်များတွင် ကျင့်သုံးမည့် သင်ရိုးညွှန်းတမ်းမူဘောင်များပြုစုခြင်း၊ သတ်မှတ်ခြင်း၊ သုတေသနပြုခြင်း၊ သင်ကြားနည်းစနစ် မူဘောင်များချမှတ်ပေးခြင်း၊ သင်ယူတတ်မြောက်ခြင်း စစ်ဆေးမှုဆိုင်ရာမူဘောင်များ၊ စံသတ်မှတ်ချက်များ၊ သင်ယူတတ်မြောက်မှု အကဲဖြတ်စနစ်မူဘောင်များ၊ သင်ယူပြီးမြောက်မှု မှတ်တမ်းစနစ်သတ်မှတ်ခြင်းများ၊ သင်ရိုးပြင်ပသင်တန်းများနှင့် သင်ရိုးပြင်ပလုပ်ငန်းများ သတ်မှတ် ရေးဆွဲခြင်းတို့ကိုလုပ်ဆောင်ရမည်။
၃။ ဘာသာရပ်အလိုက် သင်ကြားရေးဌာနများသည် ကြားကာလပညာရေးအစီအစဥ်များ ဖော်ဆောင်မှုတွင် အဓိကမောင်းနှင်အားအဖြစ် ပါဝင်ဆောင်ရွက်ရမည်။
၄။ သင်ကြားရေးဌာနများသည် ပညာရေးကော်မတီမှ သတ်မှတ်ပြဋ္ဌာန်းထားချက်များ နှင့်အညီ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများ သတ်မှတ်ဖွဲ့စည်းမှု၊ သင်ယူတတ်မြောက်ခြင်း ဆိုင်ရာ စစ်ဆေးမှုနည်းလမ်းများ၊ ဘာသာရပ်အလိုက် သင်ယူတတ်မြောက်မှု မှတ်တမ်းတင်ခြင်း စသည်တို့ကိုလွတ်လပ်စွာဆောင်ရွက်နိုင်သည်။
၅။ ကြားကာလပညာရေးအစီအစဥ်ဆိုသည်မှာ ဆေးတက္ကသိုလ်-မကွေး၊ ယာယီ တက္ကသိုလ်ကောင်စီမှ ဖော်ဆောင်လျက်ရှိသည့် ကြားကာလပုံမှန်အတန်းတင်ပညာရေး အပါအဝင် သင်ရိုးပြင်ပပညာရေး အစီအစဥ်များ၊ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုများ၊ ဆွေးနွေးပွဲများအားလုံး အကြုံးဝင်သည်။
၆။ ကြားကာလပုံမှန်အတန်းတင်ပညာရေးတွင် သင်ယူတတ်မြောက်မှုဆိုင်ရာအကဲဖြတ် စနစ်အတွက် Academic Credit System အား အပြည့်အဝကျင့်သုံးမည်ဖြစ်သည်။
၇။ ကြားကာလပုံမှန်အတန်းတင်ပညာရေး အစီအစဥ်များကို ကိုဗစ်ကပ်ရောဂါမတိုင်မီ ဆေးတက္ကသိုလ်-မကွေးတွင် တက်ရောက်လျက်ရှိခဲ့ပြီး အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် ကြားကာလအတွင်းတွင် စစ်ကျွန်ပညာရေးကို သပိတ်မှောက်လျက်ရှိကြသော စစ်ကျွန် ပညာရေးကို သပိတ်မှောက်ကြသော ဆေးပညာအခြေခံနှစ် အမ်ဘီဘီအက်စ်သင်တန်းမှ နောက်ဆုံးနှစ်အပိုင်း(ခ) အမ်ဘီဘီအက်စ်သင်တန်းအထိ ကျောင်းသား၊ ကျောင်းသူအားလုံး လျှောက်ထားနိုင်သည်။
၈။ ကြားကာလပုံမှန်အတန်းတင်ပညာရေးအစီအစဥ်များကို ဆေးတက္ကသိုလ် - မကွေး ကျောင်းသား၊ ကျောင်းသူ အားလုံး မဖြစ်မနေလျှောက်ထားရန်မလိုအပ်ပါ။
၉။ အောက်ပါကျောင်းသား၊ကျောင်းသူများသည် တက္ကသိုလ်ဝင်ခွင့်ကို ဆေးတက္ကသိုလ် - မကွေး၊ ယာယီတက္ကသိုလ်ကောင်စီ၏ ဝင်ခွင့်လမ်းညွှန် သတ်မှတ်ချက်များအတိုင်း လျှောက်ထားခွင့်ရှိသည်။
- (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော စစ်ကျွန်ပညာရေးကိုသပိတ်မှောက်သည့် ကျောင်းသား၊ ကျောင်းသူများ၊
- အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်ပြုလုပ်သည့် အခြေခံပညာပြီးမြောက်မှု စစ်ဆေး အကဲဖြတ်မှု (Basic Education Completion Assessment) မှ အောင်မြင်အောင်မြင်ထားသူများ၊
- အခြားနိုင်ငံတကာ အသိအမှတ်ပြု အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ထားသူများ၊
- နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်း အခြေချနေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ပြီးသူများ
၁၀။ ယခင်သင်ယူတတ်မြောက်မှုဆိုင်ရာ အကဲဖြတ်စနစ်တွင် ကျင့်သုံးသော ကျောင်းခေါ်ကြိမ် မပြည့်မီမှုကြောင့် အတန်းတင်စာမေးပွဲဖြေဆိုခွင့် ရပ်ဆိုင်းခံရခြင်း(Debar)၊ အတန်းတင်စာမေးပွဲကျရှုံးမှုကြောင့် စာသင်နှစ်အသစ်သို့ မကူးပြောင်းနိုင်ခြင်း(3F/5F)၊ အတန်းတင်စာမေးပွဲတွင် ကျရှုံးဘာသာအတွက် ပြန်လည်ဖြေဆိုရခြင်း(Supple Exam) စသည် တို့ကို အကဲဖြတ်စနစ်မှစ၍ အပြီးတိုင်ပယ်ဖျက် သည်။
၁၁။ ယခင် သင်ယူတတ်မြောက်မှုဆိုင်ရာ အကဲဖြတ်စနစ်အရ ကျရှုံးဘာသာရပ်ဖြေဆိုရန် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူ(Supple Students) များအနေဖြင့် စာသင်နှစ်အသစ်(New Academic Year)တွင် ကူးပြောင်း တက်ရောက်ရမည်။ သို့ရာတွင် မိမိကျရှုံးခဲ့သော ဘာသာရပ်အတွက် ဖြည့်စွက်သင်တန်းအားတက်ရောက်၍ နားလည်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲအား ဖြေဆိုရမည်။
၁၂။ ယခင်စနစ်မှ စာသင်နှစ်တစ်ခုလုံးကျရှုံးထားသော ကျောင်းသား၊ကျောင်းသူ(Round Students) များသည် ကျရှုံးဘာသာရပ် များအား သတ်မှတ်ကာလတစ်ခုအတွင်းပြီးစီးအောင် ပြန်လည်ဖြေဆို၍ စာသင်နှစ်အသစ်တွင် တက်ရောက်မည် (သို့) ကျရှုံးစာသင်နှစ်အတွက် Academic Credit System ကျင့်သုံးထားသော စာသင်နှစ်တစ်ခုလုံးကို ပြန်လည်တက်ရောက် မည်ကို မိမိကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
၁၃။ ယခင် သင်ယူတတ်မြောက်မှုဆိုင်ရာ အကဲဖြတ်စနစ်အရ ကျရှုံးဘာသာရပ်များအား နားလည်တတ်မြောက်မှု အကဲဖြတ်ရာတွင် Academic Credit System ကို ကျင့်သုံးမည် မဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာရပ်ဌာနများမှ သတ်မှတ် ပြဌာန်းထားသော သင်ခန်းစာဖွဲ့စည်းမှု၊ သင်ကြားနည်းစနစ်နှင့် အကဲဖြတ်စနစ်အတိုင်း ဆုံးဖြတ်မည်ဖြစ်သည်။
၁၄။ ကြားကာလပုံမှန်အတန်းတင်ပြီးမြောက်ရန်အတွက် သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများ ပြီးမြောက်ရန်အပြင် တော်လှန်ရေးအထောက်အကူပြု သင်ရိုးပြင်ပလုပ်ငန်းများ (သို့) ပညာရေးကော်မတီမှ စီစဥ်ပြုလုပ်ပေးသော သင်ရိုးပြင်ပပညာရေး အစီအစဉ်များတွင် သတ်မှတ်သောစံနှုန်းတစ်ခုပြည့်မီသည်အထိတက်ရောက်ရမည်။
၁၅။ ကြားကာလပုံမှန်အတန်းတင် ပညာရေးအစီအစဥ်ပါ သင်ယူတတ်မြောက်မှု စစ်ဆေးခြင်းလုပ်ငန်းများ၊ သင်ရိုးပြင်ပ ပညာရေးအစီအစဥ်များပြီးမြောက်ပါက ဆေးတက္ကသိုလ်-မကွေး၊ ယာယီတက္ကသိုလ်ကောင်စီမှ ပေးအပ်သော အမ်ဘီဘီအက်စ်ဘွဲ့လက်မှတ်(ယာယီ)ကို ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသော အလုပ်သင်ဆရာဝန်တစ်ဦး၏ အရည်အသွေးများ ပြည့်စုံအောင်သင်ယူလေ့လာပြီးပါက ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ အသိအမှတ်ပြု ဆေးကုသမှုလိုင်စင်ကို သတ်မှတ် စည်းမျဉ်းများနှင့်အညီ လျှောက်ထားနိုင်မည်ဖြစ်သည်။
ဆေးတက္ကသိုလ်-မကွေး၏ MBBS Program
ပေးအပ်မည့်ဘွဲ့ : Bachelor of Medicine; Bachelor of Surgery (MBBS)
သင်တန်းကာလ: MBBS သင်တန်းသည် သင်တန်းကာလ (၆) နှစ်နှင့် အလုပ်သင် (၁) နှစ် စုစုပေါင်း (၇) နှစ် တက်ရောက်ရမည်ဖြစ်သည်။
သင်ရိုးအကျဉ်းချုပ်
မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် ဘာသာရပ်များကို ချိတ်ဆက်လေ့လာရသော Integrated Curriculum ကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည်။ သို့ဖြစ်ရာ အသစ်ဝင်ရောက်လာမည့် မောင်မယ်သစ်လွင်များသည် ဆေးပညာရပ်ကို Integrated Curriculum နှင့် သင်ယူလေ့လာရမည်ဖြစ်သည်။ သင်ရိုးအကျဉ်းကို အောက်တွင်ဖော်ပြ ထားသော ဇယားတွင် ကြည့်ရှုနိုင်ပါသည်။
|
Outcome-based integrated curriculum of MBBS Course (System-based modular course) |
||
|---|---|---|
|
Foundation year (40 weeks) 120 credits |
Semester 1 (24 weeks)
Semester 2 (12 weeks)
|
Personal and |
|
M1 (40 weeks) 120 credits |
|
Vertical modules
|
|
M2 (40 weeks) 120 credits |
|
|
|
M3 (40 weeks) Junior clerkship 120 credits |
Medicine
Surgery
|
|
|
M4 (40 weeks) Specialty clerkship 120 credits |
|
|
|
M5 (40 weeks) Senior clerkship 120 credits |
|
|
| House officer training (1 year) | ||
|
Extracurricular activities (30 credits) |
Involvement in Revolution Personal and professional programs Other elective courses |
|
သင်ကြားရေးပုံစံ
ဆေးပညာရပ်ကို သင်ယူရာတွင် လက်တွေ့ပိုင်းဆိုင်ရာ သင်ယူမှုများသည် အဓိက ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည့်အလျောက် MBBS Program တွင် စာတွေ့သင်ယူရသော အပိုင်းနှင့် လက်တွေ့သင်ယူရသောအပိုင်းဟူ၍ (၂)ပိုင်းပါဝင်မည်ဖြစ်သည်။ လက်တွေ့လေ့လာ သင်ယူရသောအပိုင်းများသည် အဓိကအားဖြင့် စတုတ္ထနှစ်(M3)၊ ပဉ္စမနှစ်(M4)၊ ဆဌမနှစ်(M5) နှင့် အလုပ်သင်နှစ် တို့တွင် ပါဝင်မည်ဖြစ်သည်။
တက္ကသိုလ် အဆောက်အဦးများကို သုံးစွဲ၍မရနိုင်သေးသော ကြားကာလအတွင်းတွင် သင်ယူလေ့လာမှုပုံစံများသည် ကျောင်းသား/သူ၏ နေထိုင်ရာဒေသအခြေအနေပေါ်တွင် မူတည်၍ ကွာခြားမှုရှိနိုင်သည်။ လက်တွေ့ကုသရေးဌာနတစ်ခုခုနှင့် ချိတ်ဆက်သင်ယူမှု မပြုနိုင်သူများအနေဖြင့် စာတွေ့သင်ခန်းစာများကို Online မှ ပြီးပြတ်အောင် လေ့လာရမည် ဖြစ်သည်။ စာတွေ့သင်ခန်းစာများ သင်ယူမှုပြီးမြောက်ပြီးပါက သင့်လျော်ရာ လက်တွေ့ ကုသရေးဌာနတစ်ခုနှင့် ချိတ်ဆက်၍ M3 ၊ M4 ၊ M5 နှင့် အလုပ်သင်ကာလ တို့တွင် လေ့လာသင်ယူရမည့် လက်တွေ့သင်ခန်းစာများကို တပေါင်းတည်း လေ့လာသင်ယူ နိုင်မည်ဖြစ်သည်။ မိမိနေထိုင်ရာနေရာတွင် လက်တွေ့ကုသရေးဌာန တည်ရှိသည်ဆိုပါက စာတွေ့ လက်တွေ့ သင်ခန်းစာများကို တပြိုင်တည်း လေ့လာသင်ယူနိုင်မည်ဖြစ်သည်။
ပညာသင်ယူမှုဆိုင်ရာ ခရက်ဒစ်စနစ်
ဆေးတက္ကသိုလ်(မကွေး) တွင် Academic Credit System ကိုကျင့်သုံးသည်။ MBBS သင်တန်း၏ သင်တန်းနှစ်တစ်ခုစီကို အပိုင်းငယ် (Module) များအဖြစ်ခွဲ၍ သင်ကြား ပေးမည်ဖြစ်သည်။ Module တစ်ခုချင်းစီ၏ ခရက်ဒစ်များကို ဇယားတွင်ဖော်ပြထားသည်။ Module တစ်ခုတွင် လေ့လာသင်ယူရမည့် သင်ခန်းစာများကို လေ့လာဖြည့်ဆည်းပြီးပါက ၎င်း Module နှင့် သက်ဆိုင်သော စာမေးပွဲကို ဖြေဆိုရမည်။ ၎င်းစာမေးပွဲကို ဖြေဆိုအောင်မြင်ပါက ဆိုင်ရာ Module အတွက် ခရက်ဒစ်ကို ရရှိမည်ဖြစ်သည်။ စာသင်နှစ်တစ်နှစ်တွင်ရှိသော Module များအသီးသီး၏ ခရက်ဒစ်အမှတ်များ ပြည့်မီအောင် ရရှိပြီးပါက နောက် စာသင်နှစ်အတန်းကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။ MBBS သင်တန်းအတွက် သတ်မှတ်ထားသော ခရက်ဒစ်အမှတ်များ ပြည့်မှီအောင် ဖြည့်ဆည်းပြီးပါက သင်တန်း ပြီးမြောက်ကြောင်း ပညာရေးအဖွဲ့က သတ်မှတ်မည်ဖြစ်သည်။
သင်တန်းသား/သူတစ်ဦးသည် သင်တန်းကို တဆက်တစပ်တည်း တက်ရောက်ရန် အခက်အခဲရှိပါက ခရက်ဒစ် အမှတ်များကို Module တစ်ခုချင်းရယူ စုဆောင်းခွင့်ရှိသည်။ စာသင်နှစ်တစ်ခုမပြီးဆုံးမီ ရပ်နားရန် အကြောင်းတစ်စုံတရာ ပေါ်ပေါက်လာပါက ရရှိထားပြီး သော ခရက်ဒစ်အမှတ်များကို သိမ်းဆည်းထားနိုင်ပြီး ပြန်လည်တက်ရောက်သည့်အခါ မပြီးမြောက်သေးသော Module မှစ၍ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း သင်တန်းရပ်နားမှုကာလ ကြာမြင့်ပါက ပြန်လည်တက်ရောက်သည့်အခါ သင်ယူ ပြီးခဲ့သော သင်ခန်းစာများကို တတ်မြောက်ခြင်းရှိမရှိ ပြန်လည် ဆန်းစစ်ရန်လိုအပ်သည်ဟု ပညာရေးအဖွဲ့က ဆုံးဖြတ်ပါက ဆိုင်ရာဆန်းစစ်စာမေးပွဲကို ဖြေဆိုပြီးမှသာ နောက် Module များကို ထက်ရောက်နိုင်မည်ဖြစ်သည်။
စာမေးပွဲဆိုင်ရာ မူဝါဒများ
Module အသီးသီးအတွက် တတ်မြောက်မှုဆန်းစစ်သော Module အဆုံးသတ် စာမေးပွဲ (Module End Test) ကို ဖြေဆိုရမည်။ မေးခွန်လွှာတစ်ခုအတွက် စုစုပေါင်းရမှတ်၏ ၅၀% ကို အောင်မှတ်အဖြစ်သတ်မှတ်သည်။ ဆိုင်ရာ Module End Test ကို ဖြေဆို အောင်မြင်မှသာ ၎င်း Module အတွက် ခရက်ဒစ်အမှတ်ကို ရရှိမည်ဖြစ်သည်။ သင်တန်းသား/သူ တစ်ဦးသည် Module တစ်ခုအတွက် စာမေးပွဲဖြေဆိုခွင့် အများဆုံး (၃) ကြိမ်ရရှိမည်ဖြစ်သည်။
Module တစ်ခုချင်း၏ Module End Test ကို ဆိုင်ရာစာသင်နှစ်အတွင်းတွင် (၂)ကြိမ် ကျင်းပမည်ဖြစ်သည်။ ပထမအကြိမ်ကို Module အဆုံးတွင် ကျင်းပမည်ဖြစ်သည်။ ပထမအကြိမ်စာမေးပွဲကို ကျရှုံးပါက ၎င်းစာသင်နှစ်အတွင်း နောက်တစ်ကြိမ်ကျင်းပသော စာမေးပွဲတွင် ကျရှုံးထားသော Module နှင့်သက်ဆိုင်သည့် စာမေးပွဲကို ဝင်ရောက်ဖြေဆို ရမည်ဖြစ်သည်။ အကယ်၍ ဒုတိယအကြိမ်ဖြေဆိုမှုတွင် ထပ်မံကျရှုံးပါက ဆိုင်ရာစာသင်နှစ်၏ Module များ မပြည့်စုံ စေကာမူ နောင်အတန်းသို့တက်ရောက်ရန် လုံလောက်သော လေ့လာ ဆည်းပူးမှု ပြုလုပ်ပြီးပြီဟု ပညာရေးအဖွဲ့က သတ်မှတ်ပါက နောက်အတန်းကို တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ သို့ရာတွင် ကျရှုံးထားသော Module (များ) အတွက် တတိယအကြိမ်မြောက် ဖြေဆိုမှုကို နောက်အတန်းကို တက်ရောက်နေစဉ်ကာလအတွင်း ပြုလုပ်ရမည်ဖြစ်သည်။ တတိယအကြိမ်ဖြေဆိုခြင်းကို ဆိုင်ရာစာသင်နှစ်အတွက် ပုံမှန်ကျင်းပသော စာမေးပွဲ (၂)ကြိမ် အနက် နှစ်သက်ရာ အကြိမ်တွင် ဝင်ရောက်ဖြေဆိုနိုင်သည်။
သင်ရိုးပြင်ပ လေ့လာမှု/ဆောင်ရွက်မှုများ
ဆေးတက္ကသိုလ်-မကွေး၏ MBBS Programတွင် သင်ရိုးပြင်ပ လေ့လာဆောင်ရွက် မှုများ (Extracurricular activities) ကို ထည့်သွင်းထားသည်။ ၎င်း Extracurricular activities များအတွက် စုစုပေါင်းခရက်ဒစ်အမှတ် (၃၀) သတ်မှတ်ထားသည်။ ကျောင်းသား/ကျောင်းသူ တစ်ဦးသည် ၎င်းခရက်ဒစ်အမှတ် (၃၀) ကို သင်တန်းကာလ (၆) နှစ်အတွင်း ဖြည့်ဆည်းရမည် ဖြစ်သည်။
တော်လှန်ရေးကာလအတွင်းတွင် မြေပြင်တပ်ရင်း၊ တပ်ဖွဲ့များ၊ တော်လှန်ရေးနှင့် သက်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသော ကျောင်းသား/သူများဖြစ်ပါက ၎င်းခရက်ဒစ်အမှတ် (၃၀)ကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု သတ်မှတ်သည်။ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင် သော်လည်း တော်လှန်ပညာရေးတွင်ပါဝင်ခြင်းကို တော်လှန်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်၍ ခရက်ဒစ်အမှတ် (၁၀)မှတ် ချီးမြှင့်ခြင်းခံရမည်ဖြစ်သည်။ လိုအပ်သော ကျန်ခရက်ဒစ်အမှတ် (၂၀)ကို MBBS သင်တန်းကာလအတွင်း တက္ကသိုလ်ကောင်စီမှဖြစ်စေ၊ ဘာသာရပ်ဆိုင်ရာ ဌာနများမှဖြစ်စေ အခါအားလျော်စွာ စီစဉ်ဖွင့်လှစ်သော သင်ရိုးပြင်ပ သင်တန်းများကို တက်ရောက်ခြင်းဖြင့် ဖြည့်ဆည်းနိုင်သည်။ ၎င်းသင်တန်းများကို Online စနစ်ဖြင့်ပို့ချမည်ဖြစ်ပြီး မိမိ၏ ခရက်ဒစ်အမှတ်လိုအပ်ချက်ပေါ်မူတည်၍ နှစ်သက်ရာသင်တန်း များကို ရွေးချယ်တက်ရောက်နိုင်သည်။
ဆေးတက္ကသိုလ်-မကွေး ဝင်ခွင့်လမ်းညွှန်
ဆေးတက္ကသိုလ်-မကွေးမှ ဝင်ခွင့်ခေါ်ယူသောသင်တန်းဆိုင်ရာ အချက်အလက်များ
ပေးအပ်မည့်ဘွဲ့ : ဆေးပညာဘွဲ့ [ Bachelor of Medicine, Bachelor of Surgery (MBBS) ]
လက်ခံသင်ကြားပေးမည့် ဦးရေ : (၁ဝဝ) ဦး(ကျား၊ မ ကန့်သတ်ချက် သီးသန့်မရှိပါ)
သင်တန်းကာလ : စာသင်နှစ် (၆) နှစ် + အလုပ်သင်ကာလ (၁) နှစ်
ဝင်ခွင့် စတင်လျှောက်ထားနိုင်သည့်ရက် : ၁-၅-၂၀၂၅
လျှောက်လွှာပိတ်ရက် : ၃၁-၅-၂၀၂၅
ဝင်ခွင့်လျှောက်ထားသူက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
(၁) ဆေးတက္ကသိုလ်-မကွေးမှ ထုတ်ဝေသော တက္ကသိုလ်၏ MBBS Program အကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အား ကျေလည်စွာဖတ်ရှုရမည်။
(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မိမိကိုယ်ကို ဆန်းစစ်ရမည်။
(၃) အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာန (MOE) ၏ MES (Myanmar Education System) မှ တစ်ဆင့် ဝင်ခွင့်လျှောက်ထားရမည်။
(၄) ဝင်ခွင့်လျှောက်လွှာတွင် ဖြည့်သွင်းရမည့် အချက်အလက်များ မှန်ကန်မှုရှိစေရန် ပြည့်စုံစွာဖြည့်သွင်းရန် ကျောင်းသားမှ တာဝန်ခံရမည်။
(၅) တင်သွင်းရမည့် စာရွက်စာတမ်းများ၊ အထောက်အထား ဓာတ်ပုံများကို ပီပြင်ပြတ်သားစွာ ရိုက်ကူးတင်ပြရမည်။
(၆) တင်သွင်းထားသော လျှောက်လွှာများ အတွက် လိုအပ်သော သတင်းအချက်အလက်များ ထပ်မံစုံစမ်းတောင်းခံရန် လိုအပ်ပါက MES Dashboard တွင် ဖော်ပြထားမည်ဖြစ်၍ ကျောင်းသား/ကျောင်းသူသည် မိမိ၏ MES Account ကို စောင့်ကြည့်စစ်ဆေးရန် လိုအပ်ပါသည်။ လိုအပ်ပါက Email မှ ဆက်သွယ်မှုများလည်း ရှိနိုင်သည့်အတွက် Email ကို သေချာမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပြီး Email အဝင်အထွက်ကိုလည်း စောင့်ကြည့် စစ်ဆေးရန် လိုအပ်ပါသည်။
(၇) တက္ကသိုလ်များဘက်မှ လျှောက်လွှာများကို စိစစ်ရွေးချယ်ပြီးနောက် မိမိအား မည်သည့် တက္ကသိုလ်(များ)မှ လက်ခံလိုက်သည်ဆိုသည်ကို သတ်မှတ်ကာလရောက်လျှင် မိမိတို့ MES Account တွင်ပင် တွေ့မြင်သိရှိရမည်ဖြစ်ပါသည်။ မိမိအားလက်ခံထားသည့် တက္ကသိုလ်များအနက်မှ မိမိအမှန်တကယ်တက်ရောက်မည့် တက္ကသိုလ်တစ်ခုကို သတ်မှတ်ပေးထားသော အချိန်အတွင်း ဆုံးဖြတ်ရွေးချယ်ပေးရမည်ဖြစ်ပါသည်။
ဆေးတက္ကသိုလ်-မကွေး၏ MBBS Programအား လျှောက်ထားနိုင်သူများ
ဆေးတက္ကသိုလ်(မကွေး)၊ ယာယီတက္ကသိုလ်ကောင်စီ၏ ဆေးပညာဘွဲ့ [ Bachelor of Medicine, Bachelor of Surgery (MBBS) ] သင်တန်းသို့ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည် တက္ကသိုလ်တစ်ခုခုကို လက်ရှိတက်ရောက်နေသူမဖြစ်ရ။
(၁) ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ
- တက္ကသိုလ်ဝင်တန်းကို (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) သိပ္ပံတွဲဖြင့် အောင်မြင်ခဲ့သူ ဖြစ်ရမည်။
- ဇီဝဗေဒ၊ ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ ဘာသာရပ်တို့တွင် ရမှတ် (၆၅) မှတ် နှင့်အထက် ရရှိသူ ဖြစ်ရမည်။ အင်္ဂလိပ်စာရမှတ် (၆၀) နှင့်အထက် ရရှိသူ ဖြစ်ရမည်။
- စုစုပေါင်းရမှတ် - (၃၈၀) နှင့်အထက် ရရှိသူ ဖြစ်ရမည်။
(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ကို အောင်မြင်ထားသူများ
- (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) သိပ္ပံတွဲဖြင့် အောင်မြင်ခဲ့သူ ဖြစ်ရမည်။
- ဘာသာရပ်တစ်ခုစီတွင် Grade B နှင့်အထက် ရရှိသူ ဖြစ်ရမည်။
(၃) တိုင်းရင်းသားပညာရေး အဖွဲအစည်းများ၏ အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်ထားသူများ
- သိပ္ပံတွဲဖြင့် အောင်မြင်ထားသူဖြစ်ရမည်။
- အမှတ်စဉ် (၁) နှင့် (၂) ပါ အရည်အချင်းနှင့် ညီမျှသော ရမှတ်/ Grade ရရှိရမည်။
(၄) နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်း အခြေချနေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ပြီးသူများ
- သိပ္ပံတွဲဖြင့် အောင်မြင်ထားသူဖြစ်ရမည်။
- အမှတ်စဉ် (၁) နှင့် (၂) ပါ အရည်အချင်းနှင့် ညီမျှသော ရမှတ်/ Grade ရရှိရမည်။
(၅) GED (General Education Development) စာမေးပွဲကို ဖြေဆိုအောင်မြင်ထားသူများ
- တစ်ဘာသာချင်းရမှတ်သည် 145 မှတ် နှင့်အထက် ရရှိသူများ ဖြစ်ရမည်။
- စုစုပေါင်းရမှတ် 600 မှတ် နှင့်အထက် ရရှိရမည်။
(၆) IGCSE (International General Certificate of Secondary Education) စာမေးပွဲကို ဖြေဆိုအောင်မြင် ထားသူများ
- English as second language, Physics, Chemistry, Mathematics, Biology (or) Human Biology ပါဝင်သော ဘာသာတွဲ အောင်မြင်ထားသူဖြစ်ရမည်။
- ဘာသာရပ်တစ်ခုချင်းစီတွင် Grade C နှင့်အထက် ရရှိသူများ ဖြစ်ရမည်။
တင်သွင်းနိုင်သော အခြေခံပညာအထက်တန်း ပြီးဆုံးကြောင်း အထောက်အထား
အခြေခံပညာအထက်တန်း ပြီးဆုံးကြောင်းအထောက်အထားအဖြစ် အောက်ပါတို့မှ တစ်ခု တင်သွင်းရမည်။
- (က) BEHS အမှတ်စာရင်း
- (ခ) BECA transcript
- (ဂ) တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ၏ အခြေခံပညာ အထက်တန်းအဆင့် ပြီးဆုံးကြောင်း transcript
- (ဃ) နယ်စပ်ဒေသအခြေစိုက်ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွေ့ပြောင်းအခြေချနေထိုင်ကြရသည့် ရွေ့ပြောင်းလုပ်သား များနှင့် ရွေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေး အဖွဲ့အစည်းများမှ အထက်တန်းအဆင့် ပြီးဆုံးကြောင်း transcript
- (င) GED Transcript
- (စ) IGCSE “O” Level transcript
အင်္ဂလိပ်စာ ကျွမ်းကျင်မှုဆိုင်ရာ အထောက်အထား
ဖြေဆိုခဲ့သော အထက်တန်းအဆင့် စာမေးပွဲများတွင် အင်္ဂလိပ်စာရမှတ်သည် သတ်မှတ်ထားသော အမှတ်/Grade ပြည့်မီထားခြင်း မရှိပါက အင်္ဂလိပ်စာနှင့် ပတ်သက်၍ အခြားလေ့လာ ပြီးမြောက်ထားသည့် သက်သေပြချက်အဖြစ် အောက်ပါတို့မှ တစ်ခုခုကို တင်သွင်းနိုင်သည်။ (အထက်တန်းအဆင့် စာမေးပွဲများတွင် အင်္ဂလိပ်စာရမှတ်သည် သတ်မှတ်ချက်ပြည့်မှီပါက အခြားအထောက်အထား တင်သွင်းရန်မလိုပါ။)
- (က) TOEFL Certificate - အနည်းဆုံး ပျမ်းမျှရမှတ် (၈၀) ရရှိရမည်။
- (ခ) IELTS Certificate - အနည်းဆုံး ပျမ်းမျှ Band-6 ရရှိရမည်။
(အဆိုပါ Certificate များ ပူးတွဲတင်ပြ ရမည်ဖြစ်ပြီး ၎င်း Certificate များသည် သတ်မှတ်သက်တမ်းကျော်လွန်ခြင်း မရှိစေရ။)
တော်လှန်ရေးတွင်ပါဝင်မှု ဆိုင်ရာ ဦးစားပေးစဉ်းစားချက်များ
တော်လှန်ရေးကာလအတွင်း အောက်ပါလုပ်ငန်းရပ်များတွင် ပါဝင်ခဲ့၊ ပါဝင်ဆဲ ဖြစ်သော ကျောင်းသား ကျောင်းသူများအတွက် ဦးစားပေး စဉ်းစားပါမည်။
- (က) ကာကွယ်ရေးတပ်ဖွဲ့များတွင် အမှုထမ်းခဲ့ခြင်း၊ အမှုထမ်းနေဆဲ။
- (ခ) ကာကွယ်ရေးတပ်ဖွဲ့များအတွက် Medical cover Team များတွင် ဆေးတပ်သား အဖြစ်ပါဝင်ခဲ့ခြင်း၊ ပါဝင်နေဆဲ။
- (ဂ) စစ်ဘေးရှောင်ဒေသများ၊ နယ်မြေစိုးမိုးမှုရှိသည့်ဒေသများတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်သူအဖြစ်လည်းကောင်း၊ အခြားသော လူထုအကျိုးပြုလုပ်ငန်းများတွင် လည်းကောင်း ပါဝင်ခဲ့ခြင်း၊ ပါဝင်နေဆဲ။
လျှောက်ထားမည့် ကျောင်းသား/သူများအတွက် အကြံပြုချက်များ
- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် လျှောက်ထားမည့် ကျောင်းသား/သူများအနေဖြင့် မိမိရွေးချယ်လိုသော အသက်မွေး ဝမ်းကျောင်း/အထူးပြုဘာသာရပ်များ၏ သဘောသဘာဝကို အခြေခံအားဖြင့် သိရှိနားလည် ထားသင့်ပြီး မိမိ၏ သိမြင်နားလည်မှု၊ ဝါသနာ၊ ကိုယ်ရည်ကိုယ်သွေးနှင့် လိုက်လျောညီထွေ ချိန်ညှိကြိုးစားနိုင်မှု၊ အားထုတ်ရမည့်အတိုင်းအတာ၊ မိမိတက်ရောက်လိုသည့် ပရိဂရမ်၏ ရည်ရွယ်ချက် နှင့် မိမိမျှော်လင့်ချက် ကိုက်ညီမှုရှိမရှိ စသည်တို့ကို ကျေလည်စေရန် အချိန်ယူစဉ်းစားဆုံးဖြတ်လျှောက်ထားစေလိုပါသည်။
- အမှတ်သတ်မှတ်ချက်များ ပြည့်မီမှုထက် အထက်ပါ အကြောင်းအရာများကို စေ့ငုစွာ စဉ်းစားဆုံးဖြတ်နိုင်ရန် လမ်းညွှန်စာအုပ်ပါ ဆေးတက္ကသိုလ်-မကွေး၏ Program အကြောင်းကို ကျေလည်စွာဖတ်ရှုလေ့လာရန် လိုအပ် ပါသည်။
-
လျှောက်ထားမည့် ကျောင်းသား၊ကျောင်းသူများမှ ကနဦး စဉ်းစား ဆုံးဖြတ်ရန်များ
- (က) ဆေးပညာကို ဆုံးခန်းတိုင် သင်ယူလိုစိတ် ထက်သန်စွာ ရှိရမည်။
- (ခ) ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးအဖြစ် ရပ်တည်အသက်မွေးလိုစိတ် ရှိရမည်။
- (ဂ) စာတွေ့၊ လက်တွေ့ သင်ယူလေ့ကျင့်မှုများအတွက် ဆေးပညာအခြေခံနှစ်မှ စ၍ စာတွေ့၊ လက်တွေ့လေ့လာသင်ကြားခြင်းကို စာသင်နှစ် (၇) နှစ်ခန့် အချိန်ပေး လေ့လာသင်ယူရန် စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ရမည်။
- ဆေးတက္ကသိုလ်-မကွေး၏ MBBS Program နှင့် ပတ်သက်၍ တက္ကသိုလ်မှ ပြန်လည်ဆန်းစစ်မေးမြန်းချက်များအားဖြေဆိုရမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားမည့်သူသည် UMMG Website, Program brief Video နှင့် ယခု ၀င်ခွင့်လမ်းညွှန်စာအုပ်တွင် ထည့်သွင်းထားသော ပညာရေးမူ၀ါဒ (Education policy), MBBS program, Academic credit system စသည့် အခန်းများအား ကျေလည်စွာ လေ့လာသိရှိ ထားရန်လိုအပ်ပါသည်။
စိတ်ကျန်းမာရေးအတွက် Screening testဖြေဆိုခြင်း
ဆေးတက္ကသိုလ်-မကွေးကို လျှောက်ထားသူသည် စိတ်ကျန်းမာရေးဆန်းစစ်လွှာ (Screening test) ကို ဖြေဆိုရမည်ဖြစ်ပါသည်။ ၎င်းဆန်းစစ်လွှာကို Online မှ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုမှုရလဒ်သည် ဝင်ခွင့်အတွက်အကဲဖြတ်ရာတွင် အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်မည်ဖြစ်ပါသည်။
ဘွဲ့၊ ဒီပလိုမာ ပရိုဂရမ် တစ်ခုထက်ပို၍ အပြိုင် တက်ရောက်ခြင်း
ဘွဲ့၊ ဒီပလိုမာ ပရိုဂရမ် တစ်ခုထက်ပို၍ အပြိုင်တက်ရောက်လိုသော ကျောင်းသား၊ သူများအတွက် အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်။
- (က) Degree program နှစ်ခုအား တပြိုင်နက်တည်းတက်ရောက်လိုလျှင် On Ground or Hybrid program အသက်မွေးဝမ်းကျောင်းဘာသာရပ် ၂ ခု အား တပြိုင်နက် ရွေးချယ်တက်ရောက်ရန် မဖြစ်နိုင်ပါ။ (ဆေးတက္ကသိုလ်-မကွေး၏ MBBS Program မှာ Hybrid ဖြစ်ပါသည်။)
- (ခ) အခြားသောအသက်မွေးဝမ်းကျောင်း ဘာသာရပ်မဟုတ်သော Online Degree Program တစ်ခုခုနှင့် ယှဉ်တွဲတက်ရောက်လိုလျှင် ကျောင်းသားအား ဆေးတက္ကသိုလ်-မကွေး၏ MBBS program အတွက် ပြည့်မီအောင် ဖြည့်ဆည်းရမည့် လိုအပ်ချက်များအား သေချာကျေညက်နားလည်စေပြီးနောက် လက်ခံပါမည်။
- (ဂ) Credit system ကျင့်သုံးသော Program များကို Parallel program အားဖြင့် လေ့လာ လိုပါက ကျောင်းသားအနေဖြင့် တပြိုင်တည်းတက်ရောက်ရန် မဖြစ်နိုင်တော့သော ကာလ (ဥပမာ Transition to On-campus learning after revolution) တွင် Program တစ်ခုကို ခေတ္တရပ်နားထားပြီး၊ ကျောင်းသားအနေဖြင့် နိုင်နင်းသော ကာလသို့ ပြန်လည်ရောက်ရှိချိန်တွင် ရပ်နားထားသော Program အား ဆက်လက် လေ့လာပြီး၊ ကျန်ရှိသော credit ဆက်လက်ဖြည့်ဆည်းကာ Program အား အဆုံးသတ် နိုင်ပါမည်။
ကျောင်း အကူးအပြောင်း ကိစ္စရပ်များအတွက် ခွင့်ပြုသတ်မှတ်ခြင်း
ကျောင်းသားအနေဖြင့် မိမိရွေးချယ်တက်ရောက်ခွင့်ရသော ဘာသာရပ်မှ အခြား ဘာသာရပ်သို့ ပြောင်းလဲတက်ရောက်လိုပါက စာသင်နှစ်၏ ပထမ (၃)လ အတွင်း ရပ်စဲ၊ (သို့မဟုတ်) ကူးပြောင်းလျှောက်ထားခွင့် ဆေးတက္ကသိုလ်-မကွေး အနေဖြင့် လက်ခံပါသည်။ ကူးပြောင်းလိုသည့် ကျောင်း/ဘာသာရပ်မှ လက်ခံ၊ မခံမှာမူ အဆိုပါကျောင်း၏ မူဝါဒအပေါ် မူတည်ပါသည်။
အခြားကျောင်းများမှ ဆေးတက္ကသိုလ်-မကွေးသို့ ပြောင်းရွှေ့လျှောက်ထားလိုသော ကျောင်းသားများအနေဖြင့် MES မှတဆင့် Application process အား ပြည့်စုံစွာ ပြန်လည်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး တက္ကသိုလ်မှ လက်ခံနိုင်မှု (Accept or Reject) အတည်ပြုပြီးသည်အထိ အချိန်အတိုင်းအတာတစ်ခု စောင့်စားရပါမည်။ တက်ရောက်ခွင့်ရပါက ဆေးတက္ကသိုလ်-မကွေး၏ စာသင်နှစ်အသီးသီးတွင် Academic credit system ကို ကျင့်သုံးသည်ဖြစ်ရာ၊ နောက်ကျသောကျောင်းသားအနေဖြင့် မိမိလေ့လာနိုင်စွမ်းပေါ်မူတည်၍ သင်ခန်းစာများကို အမီလိုက်ဖြည့်ဆည်းခြင်းပြုရန် အခွင့်အရေးရှိပါသည်။
ထပ်မံဖတ်ရှုနိုင်သော နေရာများ
- IUC UMMG - Webpage >> https://www.ummg-campus.org/
- IUC UMMG - Facebook Page >> https://www.facebook.com/iucummg
Contact
- Email Address >> office@ummg-campus.org
- Telegram >> t.me/ummgadmission2025